Friday, May 25, 2007

ခရီးစဉ်

စိတ္တသုခ-ပရဟိတလူငယ်တို့ ဇွန် ၁၄ရက် သွားလှူတဲ့အခါမှာ
စစ်ကိုင်း မြရတနာရပ် အမှတ်(၂၅) အမက ကျောင်းကို အရင်သွားပါမယ် . .
အဲဒီမှာ လှူဒါန်းခြင်း အစီအစဉ်များ ပြုလုပ်ပါမယ် . . .

အလှူအောင်မြင်ပြီ ဆိုရင်တော့
ကျွန်တော်တို့ ကံတလူဘုရားကို သွားပါမယ် . .. အဲဒီက အပြန် ကောင်းမှုတော် ဘုရားဝင်ပါမယ် . . .

အချိန်ရရင် တောင်သမန် ဦးပိန်တံတား ၀င်ပါမယ် . . . .

ကြားထဲ မှာ ထမင်းစားဖို့ စီစဉ်နေပါတယ် . .

အခုတော့ လူ၅၀ဆံ့တဲ့ ကားငှားဖို့ ပြောထားပါတယ်
ကားခကို အားလုံး ကျသင့်သလောက် စုပြီး ပေးကြပါမယ် . ..
ထမင်းစားတာကိုလည်း အဲလိုပါပဲ ကိုယ့်စားရိတ်နဲ့ကိုယ်ပေါ့ . .
အလှူရှင်ပေါ်ရင်တော့ တစ်မျိုးပေါ့ . . .

အလှူငွေထဲက တတ်နိုင်သမျှ အသုံးစရိတ်ကို မသုံးဖို့ ဆုံးဖြတ်ထားပါတယ် . ..

မနက်ဖြန် ကျွန်တော်တို့ စစ်ကိုင်း အမက (၂၅)ကို ရောက်ဖြစ်မယ်ထင်တယ် . . .
အဲဒီကျမှ ကျောင်းသား၊ကျောင်းသူ စာရင်း အတိအကျ တင်ပေးပါ့မယ် . . .

Monday, May 21, 2007

စစ်ကိုင်း မြရတနာ အမကကျောင်း

စစ်ကိုင်းမြို့၊ မြရတနာရပ်က အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်း

အဲဒီကျောင်းက ကျောင်းသား၊ကျောင်းသူများရဲ့ ဘ၀က သနားစရာပါဗျာ . .








လူချင်းတူတူ အခွင့်အရေး တန်းတူမရခဲ့တဲ့ သူတွေပါ . . .
တစ်ချိန်က လူတွေရဲ့ အပစ်ပယ်ခံ လူတွေပေါ့ . .

သူတို့ဘ၀ ကို ကယ်တင်အလင်းရောင်ပေးခဲ့ကြပေမယ့် မပြည့်မစုံနဲ့အခုအချိန်အထိ လူတွေကြားမှာ
လူတိုင်းနဲ့ ပုခုံးချင်းယှဉ်မနေနိုင်ကြဘူးလေ . .

သူတို့ကလေးတွေရဲ့ မိဘတွေမှာ ရှိခဲ့တဲ့ ပြစ်ချက်က သူတို့အတွက် ပိတ်ပင်မှုကြီး ဖြစ်နေကြတယ်.
သူတို့ ကျောင်းနေမယ်ဆိုတော့ ကျောင်းကလက်မခံချင်ကြဘူးလေ . .
ကလေးငယ်တွေရဲ့ ဘ၀ကို အရိပ်မည်းကြီးက အုပ်မိုးနေတာလေ . . .

ဒါနဲ့ပဲ ဒီမူလတန်းကျောင်းလေး ဖြစ်လာခဲ့ရတာ . .

ကျောင်းသား၊ ကျောင်းသူ ၁၅၀ ခန့်ရှိပါတယ် . .
အားလုံးက တစ်ရွာထဲက ပါ . .

စာနာမှုမရှိတဲ့ လူတွေက ပစ်ပယ်ထားကြတယ် . . .
စာနာတတ်သူတွေက ကူညီကယ်တင်တယ် . .

သူတို့ဘ၀လေးတွေ အရောင်ပြောင်းပြီး ဘ၀ကို တည်ငြိမ်စွာ တည်ဆောက်နိုင်ဖို့က စာနာနားလည်သူတွေ အများကြီးလိုအပ်နေပါတယ် . . .

ခင်ဗျားရော သူတို့အပေါ် စာနာနိုင်မလား . . .

သူတို့က သန့်စင်တဲ့ ပန်းလေးတွေပါ . .
သူတို့ ရဲ့ မိဘ အဘိုးအဘွား များရဲ့ အရိပ်မည်းက သူတို့ကို ညှိုးနွမ်းစေခဲ့တယ်လေ . . .

သူတို့က အနာကြီးရောဂါဆိုတဲ့ တစ်ချိန်က ကြောက်ကြတဲ့ ရောဂါသည်တို့ရဲ့ သား၊သမီးတွေပေါ့ . .
အခုတော့ ပျောက်ကင်းသွားတဲ့ ရောဂါဆိုး . . .
ဒါပေမယ့် အရိပ်မည်းက ကျန်နေဆဲပါ . .

အဲဒီအရိပ်မည်းကြီးကို ကျွန်တော်တို့ ၊ ခင်ဗျားတို့ရဲ့ စေတနာ မေတ္တာနဲ့ ဖယ်ရှားကြရအောင်လားဗျာ . .

ကျွန်တော်တို့နဲ့ အတူ ပါဝင်ပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ ငွေအား၊ လူအား အကြင်နာ မေတ္တာတွေကို ပြသပြီး

ကလေးငယ်တွေပေါ် ဖုံးလွှမ်းနေတဲ့ အရိပ်မည်းကြီးကို မေတ္တာတရားဆိုတဲ့ အလင်းရောင်ခြည်ပေးရအောင်ဗျာ . . .

ပါဝင်လှူဒါန်းမယ်ဆိုရင် ဘလော့မှာ ၀င်ရေးခဲ့လည်းရပါတယ် ........

နောက်မေးလ်ပို့လည်းရပါတယ်ဗျာ . .
cittasukha@gamil.com


သြော်
ကျွန်တော်တို့ ဇွန်လ ၁၄ရက်နေ့လောက်သွားလှူမယ်ဗျာ . .
ကိုယ်တိုင် လိုက်ခဲ့လို့ရတယ်နော် . .

လိုအပ်နေတာက မေတ္တာတရားပါ . . .


လူသားချင်းတူပေမယ့် လူတွေက လက်မခံသော ကလေးငယ်များအတွက် . . .
မေတ္တာရောင်ခြည် ပေးကြရအောင်ဗျာ . . .

စတုတ္တအကြိမ်အတွက် ..........

စတုတ္တအကြိမ်အလှူအတွက် မနေ့ညနေ(၇)နာရီမှာ စိတ္တသုခ-ပရဟိတလူငယ်များ တွေ့ဆုံပွဲလေးလုပ်ခဲ့ပါတယ် ...... ၃၂x၆၈ လမ်းဒေါင့်က အာကာမင်းလက်ဖက်ရည်ဆိုင်မှာပါ ......

အကြမ်းဆုံးဖြတ်ထားကြတာကတော့

စစ်ကိုင်းမြို့၊ မြရတနာရပ်ကွက်က အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်းမှာ လှူမယ်လို့ ဆုံးဖြတ်ထားပါတယ် . .

စိတ္တသုခ-ပရဟိတလူငယ်များ လှူဒါန်းမည့်နေရာသို့ ကြိုတင်သွားရောက်လေ့လာစဉ် ........





2006 သီတင်းကျွတ် မီးထွန်းပွဲ

၂၀၀၆-ခုနှစ် သီတင်းကျွတ်လပြည့်နေ့ညမှာ အောင်တော်မူဘုရားမှာ ဆီမီးထွန်းကြတယ် .....

နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့ညတိုင်းမှာ အောင်တော်မူဘုရားမှာ ဆီမီးထွန်းကြတာပါ .....





Sunday, May 20, 2007

ဆင်းရဲနွမ်းပါးဝေဒနာရှင်

ဆင်းရဲနွမ်းပါးဝေဒနာရှင် မစန်းစန်းမြင့်အား ဆေးကုသစရိတ် ၅၀၀၀၀(ငါးသောင်းကျပ်) ကူညီပေးခဲ့ပါတယ် ....

2007 အမေနေ့ အခမဲ့ စက်ဘီး၊ဆိုင်ကယ်အပ်ခံမှု

အမေနေ့ အခမ်းအနားကို ပြာသိုလပြည့်(2-1-2007)က မန္တလေး ၀ိဇိတာရုံကျောင်းတိုက်မှာကျင်းပခဲ့ပါတယ် . ..
စိတ္တသုခ ပရဟိတလူငယ်များက အခမဲ့ စက်ဘီး၊ ဆိုင်ကယ်အပ်နှံမှု လက်ခံဆောင်ရွက်ပေးခဲ့ပါတယ် . .

အဲလိုဆောင်ရွက်ပေးလို့ အမေနေ့ ကျင်းပရေးကော်မတီက ဂုဏ်ပြု လှူဒါန်းငွေ ငါးသောင်းကျပ်နဲ့ ဂုဏ်ပြုလွှာ ချီးမြှင့်မှု ခံရပါတယ် . . .
အဆိုပါ ငါးသောင်းကျပ်ကို ပြင်ဦးလွင် အနီးစခန်း ဒိုးပင်အောင်ကံသာ ပရဟိတ ဘုန်းတော်ကြီးကျောင်းကို လှူဒါန်းရာမှာ ထည့်သွင်းလှူဒါန်းနိုင်ခဲ့ပါတယ် . . .

စိတ္တသုခ ပရဟိတ လူငယ်များသည် လုပ်အားဖြင့်လည်း လှူဒါန်းကြတယ်ဆိုတာ သက်သေပြ နိုင်တဲ့ မှတ်တိုင်တစ်ခုပါ။








ထမင်းနဲထိုးလှူ

2006 ဒီဇင်ဘာ(၁)ရက် နံနက်ခင်းမှာ ထမင်းနဲထိုးလှူခဲ့ကြတယ် ......


မြစ်ငယ်ရေဘေး (၂၀၀၆)

မြစ်ငယ်ရေးဘေးသင့်မိသားစုများအား ထမင်းထုပ်၊ ဆန်၊ အ၀တ်အစားများ စုစုပေါင်း (၁၀)သိန်းကျော်ဖိုး လှူဒါန်းပါတယ်။

အောက်တိုဘာလ(၁၈)ရက်၊ အောက်တိုဘာလ(၂၀)ရက်၊ နိုဝင်ဘာလ(၃)ရက်နေ့တွေမှာ စုစုပေါင်းသုံးကြိမ်လှူဒါန်းခဲ့ကြတာပါ။

၂၀၀၆-ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့က ထမင်းထုပ်များဝေငှကြပါတယ်။



၂၀၀၆-ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့က ဆန်ဝေငှကြပါတယ်။




၂၀၀၆-ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့က ဆန်ဝေငှကြပါတယ်။

တတိယအကြိမ်လှူဒါန်းခြင်း

၂၀၀၇-ခုနှစ်၊ ဇန္န၀ါရီလ(၄)ရက်နေ့ (လွတ်လပ်ရေးနေ့) က ပြင်ဦးလွင်မြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအုပ်စု (အနီးစခန်း)ရှိ အမိမဲ့ အဘမဲ့ ခိုကိုးရာမဲ့ ချို့တဲ့နွမ်းပါးသူ စုစုပေါင်း(၆၀၀)ကျော်ရှိတဲ့ ဒိုးပင်အောင်ကံသာ ပရဟိတ ပညာသင်ကြားရေးကျောင်းမှာ ဗလာစာအုပ်၊ ခဲတံ၊ ကျောပိုးအိတ်အစရှိသော ကျောင်းသုံးစာရေးကိရိယာများ၊ ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည် အစရှိသော အသုံးအဆောင်များ၊ တစ်ရက်စာထမင်းကျွေးမွေးခြင်းနှင့် အလှူငွေ အပါအ၀င် စုစုပေါင်း ငွေကျပ် (၁၅)သိန်းကျော် လှူဒါန်းခဲ့ကြပါတယ်။

ဒုတိယအကြိမ်လှူဒါန်းခြင်း

၂၀၀၆-ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့က ပြင်ဦးလွင်မြို့ ဘိုးဘွားရိပ်သာ နဲ့ ဆရာတော်ဦးဉေယျ ပရဟိတ မျက်မမြင်ကျောင်းသို့ ငွေကျပ် ၂၇၁၅၀၀ လှူဒါန်းပါတယ်။

ပထမအကြိမ်လှူဒါန်းခြင်း

မတ္တရာမြို့နယ်၊ ရေနံ့သာအနာကြီးဆေးရုံနဲ့ နံ့သာမြိုင်စခန်းမှာ ငွေကျပ် ၉၂၅၀၀ လှူဒါန်းခဲ့ကြတယ်။ တစ်နပ်စာထမင်းကျွေးမွေးခြင်းနဲ့ မုန့်များဝေငှခြင်းဖြင့် ကုသိုလ်ယူခဲ့ကြပါတယ်။

ဒီလိုနေရာတွေမှာ လှူပါ့မယ်

(၁) မိဘမဲ့ ခိုးကိုးရာမဲ့ ကလေးသူငယ်များကို ထိန်းသိမ်းစောင့်ရှောက်ထားသော ပရဟိတကျောင်းများ၊ ဌာနများ။

(၂) ခိုကိုးရာမဲ့ အဘိုး၊ အဘွားများအား စောင့်ရှောက်ထားသည့် ဘိုးဘွားရိပ်သာများ။

(၃) ကိုယ်လက်အင်္ဂါ ချို့တဲ့ ချို့ယွင်းသူများ၊ မသန်စွမ်းသူများ၊ ကျန်းမာရေးချို့တဲ့သူများအား ထိန်းသိမ်းစောင့်ရှောက်သည့ှ် ဌာနများ။

(၄) မျက်မမြင်ကျောင်းများ။

(၅) နားမကြားသောကလေးများကျောင်းများ။

(၆) မသန်စွမ်းသူများစောင့်ရှောက်ရေးဌာနများ၊ ပြန်လည်ထူထောင်ရေးဌာနများ။

(၇) သဘာဝဘေးဒဏ်ခံစားရသူများ။

ဒီလိုစုပါတယ်

အလှူငွေကို တစ်လ (၁၀၀၀)ကျပ်နှုံးနဲ့ ကောက်ခံပါတယ်။

စိတ္တသုခ

စိတ္တသုခ-ပရဟိတလူငယ်ဆိုပြီး မန္တလေးက လူငယ်တွေစုပေါင်းပြီး အလှူလုပ်ကြတယ် .......